Saturday, January 2, 2016

သပွတ်အူ

သပွတ်အူ
=====

အမှန်မှာ ပထမအစီအစဉ်အရ အကျွန်ုပ်ကား တော်လှန်ရီးလုပ်ရန်မဟုတ်။ ရန်ကုန်၌ တော်လှန်ရီးအတွက် UG လုပ်ပီးရန်ဖြစ်သည်။ အရေးအခင်းနောက်ပိုင်း စစ်တပ်က အာဏာသိမ်းသောအခါ ရခိုင်ကျောင်းသားအများအပြား ဘင်္ဂလားဖက်သို့ ထွက်ပြီးတိမ်းယှောင်လားကြောင်း အကျွန်ုပ်ရို့ သတင်းကြားသိရသည်။ ထို့ကြောင့် ရန်ကုန်တွင်ဟိသော အကျွန်ုပ်ရို့ရခိုင်ကျောင်းသားအုပ်စုက ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားများနှင့်အဆက်အသွယ်လုပ်မည်လား ဘင်္ဂလားရောက် ရခိုင်ကျောင်းသားများနှင့်အဆက်အသွယ်လုပ်မည်လား ဆုံးဖြတ်ရသည်။ ဘင်္ဂလားရောက် ရခိုင်ကျောင်းသားများနှင့်အဆက်အသွယ်လုပ်ရန် ဆုံးဖြတ်လိုက်ကတ်သည်။ အစီအစဉ်အရ ဘင်္ဂလားရောက်ကျောင်းသားများနှင့်အဆက်အသွယ်လုပ်ရန် အကျွန်ုပ်အား ပွဲဦးထွက်စေလွှတ်လိုက်သည်။ လီယာဉ်စရိတ်အား ကိုလှမြင့်က ကျခံပီးသည်။ စစ်တွေတွင် (၁) ညအိပ်ပြီး နောက်နိမိုးထစောစောတွင် သဲချောင်းကုလားရွာမှ စတင်ထွက်ခွာသည်။ ဘုတ်မှာ စစ်တွေမှာ ဘင်္ဂလားသို့ နွားမှောင်ခိုရောင်းသော စက်တပ်ဘုတ်ဖြစ်သည်။ နွားအကောင် (၁၀) ကောင်ခန့်ပါသည်။ ဘင်္ဂလီကုလား (၆) ယောက်လောက်ပါသည်။ ယင်းအထဲတွင် ရခိုင်သား အကျွန်ုပ်တယောက်တည်း။ မိုးချုပ်ခါနီး တက္ကနားသို့ရောက်သည်။ ချက်ချင်းကမ်းမကပ်သိမ့်ဘဲ ဘင်္ဂလားဖက်ကမ်း နတ်မြစ်ထဲတွင် ကျောက်ချရပ်နားထားသည်။ ဘုတ်ကား ခေါင်မိုးလည်းမပါ။ လီကောင်းကောင်းတိုက်သဖြင့် ထမင်းချက်၍မရ ညဇာထမင်းဖောက်ဆပ်စားရသည်။ ည (၉) ချက်တီးခန့်တွင် ရွာသို့ကပ်ပြီး တက္ကနားမြို့သို့ ခရီးဆက်သည်။ တည်းခိုခန်းတွင်တည်းသည်။ ညဇာထမင်းဖောက်ဆပ်စားခရသဖြင့် တညလုံးဝမ်းလားသည်။ မှတ်မှတ်ရရ ဘင်္ဂလားသို့စရောက်သောနိသည် ၁၉၈၈ ခု အောက်တိုဘာလ (၁၀) ရက်နိဖြစ်သည်။

အကျွန်ုပ်၏မူလအစီအစဉ်မှာ ဘင်္ဂလားရောက်ကျောင်းသားများနှင့်အဆက်အသွယ်လုပ်ပြီး ပြည်ထဲသို့ပြန်ဝင်လာကာ ပြည်တွင်းပြည်ပကျောင်းသားလှုပ်လျှားမှုအား ပြည်တွင်းမှ ထောက်ပံ့ပီးရန်ဖြစ်သည်။ သို့သော် ဘင်္ဂလားရောက်ကျောင်းသားများကား ညှိနှိုင်းမရ ဘွဲ့ရကျောင်းသားများအားလက်မခံ ပါယ်ထုတ်လိုက်သည်။ ထိုအချိန်က အကျွန်ုပ်လည်း ဘွဲ့ရခါစကျောင်းသားဖြစ်၍ ပါယ်ထုတ်ခြင်းခံရသည်။ မင်းကိုနိုင် မိုးသီးဇွန်စသော ကျောင်းသားအရေးအခင်းအား ဦးဆောင်ခသောကျောင်းသားခေါင်းဆောင်များမှာ ဘွဲ့ရကျောင်းသားများဖြစ်သည်ကို အသိဥာဏ်မိုက်မဲသော ရခိုင်ကျောင်းသားခေါင်းဆောင်များက သဖောပေါက်နားမလည်။ ကျောင်းသားဥက္ကဌဆန်နီ (တောင်ကုတ်) ဖြစ်သည်။ ကယုချောင်းဘုန်းတော်ကြီးကျောင်း၌ သုံးရက်လုံးလုံးအကြိတ်အနယ်ဆွေးနွေးပါသော်လည်း ပြေလည်မှုမရ ကျောင်းသားဥက္ကဌ၏ကန့်ကွက်မှုကြောင့် ကျောင်းသားစည်းလုံးညီညွတ်ရီး ပြိုကွဲပျက်စီးလားရသည်။ ထိုအချိန်က ပြည်ပရောက်ရခိုင်ကျောင်းသားအဖွဲ့အစည်း၏အတွင်းရေးမှုးမှာ ယခု နယ်သလန်ရောက် ကိုသိန်းအောင်ကျော်ဖြစ်သည်။ သူက သဖောထား ပျော့ပျောင်းသည်။ ကျောင်းသားပေါင်းစည်းရီးကိုလိုလားသည်။ သို့သော် ဥက္ကဌက ကန့်ကွက်သဖြင့် အရာမရောက် ခရီးမပေါက်။ တယောက်မကောင်း တသောင်းပျက်စကားအတိုင်း ကျောင်းသားညီညွတ်ရီး ဖရိုဖရဲ ပြိုကွဲပျက်စီးလားပြီးနောက် တချို့ကျောင်းသားများမှာ ပင်ပန်းဒါဏ်ကိုမခံနိုင်၍ စောစောစီးစီးလက်မြှောက်ဒူးထောက်လားခသည်။ ဒူးထောက်လက်မြှောက်လားခသူများမှာ အကျွန်ုပ်အား ကောင်းကောင်းသိသည်။ ထို့ကြောင့် အကျွန်ုပ်၏ပြည်ထဲသို့ပြန်ဝင်မည့် မူလအစီအစဉ်ကို လုံခြုံရီးကြောင့် ဖျက်သိမ်းလိုက်ရသည်။

အကျွန်ုပ်ရန်ကုန်သို့ပြန်မရောက်လာဘဲ အဆက်အသွယ်ပြတ်တောက်လားသဖြင့် ရန်ကုန်တွင်ကျန်ခသော ကိုမြတ်ကျော်၊ ကိုချိုဇံ၊ ကိုလှကြည် သုံးယောက်လုံး ဘင်္ဂလားသို့ ဆင်းပါလာလတ်သည်။ ထို့ကြောင့် ဘင်္ဂလားသို့ရောက်နီပြီးဖြစ်သော ဦးသန့်အရေးအခင်းကျောင်းသားဟောင်းများဖြစ်သော ဦးအောင်ရွှေ (ကျောက်ဖြူ) ကိုစိုးနိုင် (မာန်အောင်)။ ရွှေဒေါင်ဗိုလ် (ရမ်းဗြဲ) စသော ကျောင်းသားဟောင်းများနှင့်ပူးပေါင်းပြီး ပြည်သူ့ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ရခိုင်ပြည်) အား ဖွဲ့စည်းလိုက်သည်။ ဥက္ကဌအဖြစ် ဦးအောင်ရွှေအား တင်မြှောက်ပြီး အတွင်းရေးမှုးအဖြစ် ကိုမြတ်ကျော်ကဆောင်ရွက်သည်။ ပြည်ထဲတွင် UG လုပ်ရန် ကိုချိုဇံနှင့် ကိုလှကြည်အား ပြည်ထဲသို့ ပြန်လွှတ်လိုက်သည်။ ပြည်သူ့ကျောင်းသားတပ်ဦး ဖွဲ့စည်းစဉ်ကတည်းက ဦးကျော်ခိုင် (ရခိုင်ပြည်) ယခု Facebook ထက်၌ မကြာမကြာ စာများရွီးသားနီသူလည်း ပါဝင်သည်။

NUFA စခန်း ၀ါးခတ်ချောင်း၌စခန်းထိုင်သော Pure ရခိုင်ကျောင်းသားအဖွဲ့ခေါင်းတောင် ကိုဆန်နီလည်း အများမကြာ လက်မြှောက်ဒူးထောက်လားသည်။ နောက် ကိုအောင်သောင်းရွှေ (မာန်အောင်) ဥပဒေနောက်ဆုံး၌ကျောင်းသားက ဥက္ကဌအဖြစ်ဆောင်ရွက်သည်။ သူလည်းအများမကြာ လက်မြှောက်ဒူးထောက်လားသည်။ နောက် ကိုသန်းဌေး (ကျောက်ဖြူ) က ဦးဆောင်သည်။ ကျောင်းသားနှစ်ဖွဲ့ကွဲနီစဉ်တွင် ရခိုင်ပြည်သီးခြားလွတ်လပ်ရီးအတွက် တိုက်ပွဲဝင်နီသော NUFA က တပ်ဦးထဲမှ ဆွဲနှုတ်၍ ခိုင်ဆန်းအောင်၊ စံသာအောင်၊ ကိုပြည်သိမ်းရို့အား ABSDF (Arakan) ထူထောင်ပီးသည်။ နောက် ကျောင်းသားသုံးဖွဲ့ (မြစ်နားရွာလား ကယုချောင်းလားနီရာအတိအကျ မမှတ်မိ) ဘုရားရင်ပြင်ပေါ်၌ ၁၉၈၉ ခု နှောင်းပိုင်းတွင် တပေါင်းတစည်းတည်းရပ်တည်ရန် ဆုံးဖြတ်လိုက်သည်။ ABSDF (Arakan) နာမည်ဖြင့် ယာယီရပ်တည်ရန်ဆုံးဖြတ်သည်။ ဥက္ကဌအဖြစ် ကိုသန်းဌေးကဆောင်ရွက်သည်။ အကျွန်ုပ်ကား NUFA စခန်းတွင်းတွင် မနီလို အပြင်ကရပ်တည်မည် အဖွဲ့ဝင်အဖြစ်အသိအမှတ်ပြုပါဆို၍ ဥက္ကဌကိုသန်းဌေးကလည်း သဖောတူသဖြင့် အပြင်ကရပ်တည်သည်။ အဖွဲ့ဝင်မဟုတ်ပဲ အပြင်၌ရပ်တည်သောကျောင်းသားများထဲတွင် ကိုညီချေ (မင်းပြား) လည်းပါဝင်သည်။ နောက် ကျောက်ဖြူက ကျောင်းသား လေးငါးခြောက်ယောက်ဟိသည်။ နောက်ပိုင်း ကိုသန်းဌေးအား ဆီးဝါးသုံးစွဲသည်ဟူ၍ စံသာအောင် ခိုင်ဆန်းအောင်ရို့အုပ်စုက ကိုသန်းဌေးအား ထုတ်ပါယ်လိုက်သည်။ ခိုင်ဆန်းအောင်ဥက္ကဌဖြစ်လာသည်။ အကျွန်ုပ်အားလည်း စခန်းတွင်မနီသဖြင့် အဖွဲ့ဝင်အဖြစ်မှ ထုတ်ပါယ်လိုက်သည်။

အတိအကျမမှတ်မိပါ။ အကျွနင်္ုပ်ရို့ဟာရဘင်းသို့ မလားခင်လား လားပြီးမှလား အတိအကျမမှတ်မိလိုက်ပါယာ။ ကျောင်းသားဆယ်ငါးယောက်ခန့် မြစ်နားရွာ သံဖြူကျောင်းတွင် စုပေါင်းနီထိုင်ကတ်ပါသည်။ မြစ်နားရွာတွင် ဘုန်းကြီးကျောင်းနှစ်ကျောင်းဟိပါသည်။ တကျောင်းက ရွာကျောင်းဖြစ်ပြီး မြစ်နားရွာဆရာတော် ကျောင်းထိုင်ပါသည်။ အကျွန်ုပ်ရို့နီသော သံဖြူကျောင်းမှာ ရွာနှင့် အင်တန်ဝီးပါသည်။ ကားလမ်းတဖက် ခြီကျင်လမ်းလျှောက်လျှင် မိနိ (၂၀) နာရီဝက်လောက် လမ်းလျှောက်ရပါသည်။ မှတ်မိသလောက် ကိုမြတ်ကျော်၊ အကျွန်ုပ်၊ ကိုသန်းထွန်း (မင်းပြား) သိန်းမင်း (အောင်သာထွန်း) (ပေါက်တော)(ကွယ်လွန်) စုစုပေါင် ဆယ့်ငါးယောက်လောက်ဖြစ်သည်။ စားစရာငတ်ပြတ်၍ မိုးဦးကျဖားမြည်သဖြင့် ဖားသတ်ရန်ဆုံးဖြတ်လိုက်ကတ်သည်။  ဘုန်းကြီးကျောင်းတောင်ကုန်းပါတ်ဝန်းကျင် ကုလားလယ်ကွက်များသို့ဆင်း၍ ဖားလားကောက်သည်။ ကုလားများ ဓါတ်တောင့်ထိုးသဖြင့် အယင်ကောက်ပြီး အယင်တက်ပြီးလာရသည်။ ဖားတခရင်းလောက်ရသည်။ အကျွန်ုပ်ရို့နီသောကျောင်းဆောင်မှာ ဆရာတော်နီသောကျောင်းနှင့် သီးခြားအဆောင်ဖြစ်သည်။ ၄င်းကျောင်းဆောင်အောက်တွင် ဖားများကို မီးဖုတ်သည်။ ထိုအထဲတွင် ကိုသန်းထွန်း (မင်းပြား) မှာ ဟာသအလွန်ပြောတတ်သူဖြစ်သည်။ ပျော်ပျော်ရွှင်ရွှင်နီတတ်သည်။ သူက ဟာသလုပ်လို၍ ဖားများကို မသီမရှင်သတ်ပြီး မီးဖုတ်သည်။ ဖားများထွက်ပြီးလျှင် ပြန်ကောက်လိုက် ပြန်ထည့်လိုက် ဟာသပြောလိုက်လုပ်သည်။ ကိုမြတ်ကျော်က ကိုသန်းထွန်း မလုပ်ကဲ့၊ ကျွန်တော်လက်တွိ ရွာကို ကျားတောင်လာရေ လက်တွိကြုံဖူးရေ ပြောကေလည်းနားမထောင်။ ဆက်လုပ်သည်။ မကြာခင် ဖားဖုတ်ပြီး၍ အိုးထဲထည့်၍ ကျောင်းထက်တက်သည်နှင့် မုန်းတိုင်းချက်ချင်းတိုက်ပြီး ကျောင်းဆောင်သံဖြူမိုးတခုလုံး ပွင့်ပါလားသည်။ အခေါင်မိုးပွင့်လားသဖြင့် မိုးကျောက်ခဲများ အကျွန်ုပ်ရို့ခေါင်းထက်သို့ အတိုင်းသားကျသည်။ အကျွန်ုပ်လည်း ကောင်းကောင်းကြောက်၍ ကျောာင်းအောက်သို့ဆင်းပြီးဖို့ ကြိုးစားသည်။ ထိုအချိန်တွင် လီကောင်းကောင်းပြင်းသဖြင့် အကျွန်ုလည်း လီသတ်၍ လဲကျခါနီးနီးဖြစ်လားသည်။ သတိပြန်ဝင်၍ ကျောင်းတိုင်ကိုဖက်တွင်ထားလိုက်သည်။ ကံကောင်း၍ သီဖီးက လွတ်သည်။ မုန်းတိုင်းအား ကောင်းကောင်းပြင်းသဖြင့် ဘုန်းကြီးကျောင်းက သစ်ပင်အားလုံး အမြစ်ကျွတ်ပြီး ပြိုလဲကုန်သည်။ အကယ်၍ ကြောက်စိတ်မွှမ်ပြီ်းထွက်ပြီးသည်ဟိသော် အပင်ပိ၍သီမည်မှာ အမှန်ဖြစ်သည်။ နောက်နိမိုးလင်းလျှင် နီရာအနှံ့ သစ်ပင်များပြိုလဲလျှက်ဟိသည်။ သစ်ကိုင်းကျိုးများ ဒေါင့်တိုင်းကြောင်းတိုင်း ဗြန်းစိကာရ ကြင်းလျှက်ဟိသည်။ ကျောင်းဆောင်ခေါင်မိုး ပုန်းဖီပုန်းလျား သံဖြူမိုး ကျောင်းနှင့် သုံးဖာလုံလောက်အကွာ လယ်ကွင်းပြင်တွင် လက်လံလေးလံလောက် နစ်မြုတ်လျှက်တွိရသည်။ ဘုန်းကြီးကျောင်းတွင် စုတ်ဖွာပင်း လေးငါးပင်ဟိပါသည်။ စုတ်ဖွားပင်အားလုံး အမြစ်ကျွတ်၍ လဲကျကုန်သည်။ စုတ်ဖွားသီးအားလုံးကြွီကျပြီး နီရာအနှံ့ ပြန့်ကြင်းလျှက်ဟိသည်။ စုတ်ဖွားသီးကောက်၍ ၀မ်းတင်းအောင်စားရသည်။ တချို့က တိုက်ဆိုင်မှုဟု ယူဆသည်။ ရွာကို ကျားတောင်ရောက်တေဆိုသော ကိုမြတ်ကျော၏သတိပီးသောစကားကိုကောက်၍ တိုက်ဆိုင်မှုအယူကို အကျွန်ုပ်လုံးဝလက်ခံ၍ မရပါ။

ဇတ်လမ်းကို ပြန်ဆက်ရသော် ယင်းအချိန်ကာလ၌ Internet ပေါင်းကူးနှင့် Email များမပေါ်သိမ့်သဖြင့် ပြည်တွင်းပြည်ပကျောင်းသားများ အဆက်အသွယ်ပြုလုပ်ရန် ကောင်းကောင်းခက်ခဲပါသည်။ ပြည်ထဲသို့ ပြန်လွှတ်လိုက်သော ကိုချိုဖံ၊ ကိုလှကြည်ရို့နှင့်လည်း လုံးဝအဆက်အသွယ်ပြတ်တောက်လားသည်။ နောက်ပိုင်း ကိုချိုဇံ အိန္ဒိယ မဏိပူရ လေခွန်းစခန်းသို့ ရောက်ဟိလာကြောင်းသတင်းကြားသိရသည်။ သို့ဖြင့် အိန္ဒိယရောက်ကျောင်းသားများနှင့် အဆက်အသွယ်ရရန် အိန္ဒိယခရီးစဉ်ကို အကောင်အထည်ဖော်ရပါတော့သည်။

ဟာရဘင်းဘုန်းကြီးကျောင်း၌ဟိစဉ် မောင်သျှင်ကြီးစိန်လှမောင်က မြိုတောင်တွင် စာသင်ကျောင်းတကျောင်းဆောက်ပီးချင်သော ဆန္ဒဟိသည်။ မြိုရွာသူကြီးနှင့်အဆက်အသွယ်ဟိ၍ ရွာသားများက အစားရိက္ခာထောက်ပံ့ပီးမည်။ စာသင်ပီးရန် ကျောင်းဆရာချေတယောက်လိုအပ်သည်။ အကျွန်ုပ်လည်း ယင်းမြိုတောင်သို့လားရောက်၍ ကျောင်းဆရာလုပ်ချင်သော ဆန္ဒဟိသည်။ သို့သော် အန္ဒိယခရီးစဉ်ကို ပထမဦးစားပီးဖြစ်လားသည်။ သို့သော် မြိုတောင်သို့တခေါက်ရောက်ဖူးချင်သောဆန္ဒဟိသဖြင့် အိန္ဒိယဖက်သို့မကူးခင် မြိုတောင်တခေါက် ခရီးလားဖြစ်လိုက်သည်။ မြိုတောင်ခရီးအကြောင်းမရွီးခင် ရခိုင်ကျောင်းသားများ၏သပွတ်အူဇတ်လမ်းကို ဤမှာတွင် ခေတ္တအဆုံးသတ်ပါမည်။

မြိုတောင်ခရီး (ဆက်ရန်)

No comments:

Post a Comment